တိုင်လေးတိုင်ထူ၊ ဓနိမိုး၊ ထရံကာ အလုပ်သမားတန်းလျားလေးများရှိသည့်
ကျောက်ရေမြောင်းပုပ် အနံ့အသက် ဆိုးရွားလှသည့် ရပ်ကွက်အတွင်း ညစ်ပေသော
လမ်းကျဉ်းလေးများပေါ်တွင် ဆော့ကစားနေသော ကလေးများ၏ အသံများဖြင့် ဆူညံနေသည်။
ရှိသမျှကလေးများ
လမ်းပေါ်ထွက် ဆူညံဆော့ကစားနေသည့် မြင်ကွင်းက ထိုရပ်ကွက်များအတွက်တော့
အဆန်းမဟုတ်။ ယခုလို အချိန်များတွင် ရပ်ကွက်ထဲ၌ ကလေးငယ်များနှင့်
အသက်အရွယ်ကြီးရင့်သူများသာ ရှိကြသည်။ လူရွယ်၊ လူလတ်ပိုင်းများမှာ
အလုပ်သွားနေကြခြင်း ဖြစ်သည်။ အမျိုးသမီးအများစုက စက်မှုဇုန်၊
အထည်ချုပ်စက်ရုံများတွင် မိုးလင်းမိုးချုပ် အလုပ်ဆင်းကြသည်။
အမျိုးသားများမှာ မိသားစု စားဝတ်နေရေးအတွက် နေ့ စားအလုပ်သမားဘ၀ဖြင့်
ကြုံရာကျပန်း လုပ်ကိုင်ကြသည်။
“ကလေးတွေကတော့
ဒီလိုပဲ လမ်းပေါ်မှာ တစ်နေကုန် ဆော့နေကြတာ။ မိဘတွေကလည်း အလုပ်သွားကြတော့
အိမ်ကိုဂရုစိုက် နိုင်တာမဟုတ်ဘူး။ နီးစပ်ရာနဲ့ပဲ ထားခဲ့ကြတာ” ဟု လှိုင်သာယာ
အဆင့်မြင့် (၅) ရပ်ကွက် အလုပ်သမား တဲတန်းလျားလေးများကို လက်ညှိုးထိုးရင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုခင်မောင်လွင်က ပြောသည်။
ရန်ကုန်မြို့ဆင်ခြေဖုံး
လူနေရပ်ကွက်သစ်များတွင် နေထိုင်ကြသော အခြေခံလူတန်းစားများသည်
မြို့ပြလူနေမှု စားဝတ်နေရေး အခက်အခဲများကြောင့် ၎င်းတို့ ပိုင်ဆိုင်ထားသော
မိသားစုဘ၀များပျောက်ဆုံးကာ မိသားစုတာဝန်များပါ လစ်ဟင်းမှုများ ရှိနေသည်။
“မိသားစုဆိုတာ
သွေးသားတော်စပ်မှုတစ်ခုတည်းနဲ့ တိုင်းတာမဟုတ်ပါဘူး။ တစ်ဦးနဲ့တစ်ဦး
လိုအပ်တဲ့အချိန်မှာ နွေးထွေးမှု၊ အားပေးကူညီမှုတွေ ရှိရပါမယ်” ဟူသည့်
အနောက်တိုင်းဆိုရိုးစကားတစ်ခုရှိသည်။
“ရန်ကုန်ရောက်တာ
တစ်နှစ်ကျော်နေပြီ။ တစ်ရက်မှ အလုပ်မနားရဲဘူး။ နားလိုက်ရင် မိသားစု
သုံးယောက်လုံး ထမင်းဘယ်လို သွားစားမလဲ” ဟု
ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် အိပ်ပျော်နေသော အသက်ခုနစ်နှစ်အရွယ်
သမီးငယ်လေးအား ယပ်ခတ်ပေးရင်း ကိုအောင်ပြည့်က ပြောသည်။
အိမ်ခန်းငှားခ
တစ်လသုံးသောင်း၊ သာရေးနာရေးနှင့် အခြားစရိတ်များပေါင်းလိုက်ပါက
အထည်ချုပ်စက်ရုံတွင် သန့်ရှင်း ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်သော ၎င်း၏အမျိုးသမီး
မယဉ်အေး၏ လခမှာလည်း ကုန်သလောက်နီးပါးရှိသည်ဟု ဆိုသည်။
ကိုအောင်ပြည့်တို့မိသားစုမှာ
ဘ၀ရပ်တည်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ယခုနေထိုင်သော
လှိုင်သာယာ အဆင့်မြင့် (၅) ရပ်ကွက်သို့ ရွှေ့ပြောင်းလာကြခြင်းဖြစ်သည်။
သူတို့လို
အခြေခံလူတန်းစားများ၏ လုပ်ခလစာမှာ တစ်လလျှင် ခြောက်သောင်း၊
ခုနစ်သောင်းဝန်းကျင်သာရှိသည်။ ငွေကြေးအတွက်သာ ရုန်းကန်လှုပ်ရှားရသော သူတို့၏
ဘ၀များတွင် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုမစိုက်နိုင်၊ မိဘ၊ သားသမီးတို့ကိုလည်း
အပြည့်အ၀ မကြည့်ရှု မစောင့်ရှောက်နိုင်တော့ပေ။
“ခုတလော
ကလေးပျောက်တာတွေ၊ အနိုင်ကျင့်တဲ့အမှုတွေ ခဏခဏကြားနေရတော့ သမီးလေးကို
ဘယ်လိုမှ စိတ်မချဘူး။ ဘေးအခန်းက အဒေါ်ကြီးဆီအပ်ခဲ့ပေမယ့် သူလည်း
တစ်ချိန်လုံး လိုက်ကြည့်ပေးနိုင်တာမဟုတ်ဘူးလေ” ဟု မယဉ်အေးက သူမ၏
သမီးလေးအတွက် စိုးရိမ်စကားဆိုသည်။
ကလေးသူငယ်များ၏ ဘ၀လုံခြုံမှုအတွက်
မိဘနှစ်ပါးမှာ အရေးကြီးဆုံးဖြစ်သော်လည်း တစ်နေ့လုပ်မှ တစ်နေ့စားရသော
သူတို့ဘ၀က ရွေးချယ်စရာမရှိ ဖြစ်နေသည်။
သားသမီးများနှင့်အတူ
တိရစ္ဆာန်ဥယျာဉ်ကို လည်ပတ်ကြရင်း ဆင်ကြီး “မိုမို” ကို လိုက်ပြချင်သည်။
ထို့အတူ Happy World ကစားကွင်းကို လိုက်ပို့ချင်သည်။ ပြည်သူ့ရင်ပြင်ထဲက
ရေလွှာလျှောစီးကစားစေချင်သည်။ ရုပ်သံကြော်ငြာများတွင် မကြာခဏ ပြနေသည့်
ရေခဲကမ္ဘာသို့လည်း လိုက်ပို့လိုသည်။ သားသမီးနှင့် ပျော်ပျော်ပါးပါး
နေချင်သည့် ဆန္ဒများက စားရေး၊ နေရေးလုံးပန်းရင်း သူတို့အတွက်တော့ အိပ်မက်သာ
ဖြစ်နေသည်။
ရန်ကုန်ရောက်သည်မှာ တစ်နှစ်ကျော်ခန့်ရှိသော်လည်း
ရွှေတိဂုံသို့ တစ်ကြိမ်သာရောက်သေးသည်ဟု မယဉ်အေးက ပြောသည်။
အများပြည်သူရုံးပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့မျိုးတွင်ပင် ဘုရားကျောင်းကန်ကို
သူတို့မသွားနိုင်။ ရုပ်ရှင်ကြည့်ချင်သော်လည်း ကုန်ကျမည့်ငွေကြေးနှင့်
အလုပ်ပျက်မည့်နေ့တွက်ခက သူတို့ကို ခြောက်လှန့်နေသည်။ “၀ဋ်ကြွေး”
ရုပ်ရှင်ကား ရုံတင်နေသည်ကို သူတို့မသိ။ “အထာသစ်နှင့် နှစ်ခါချစ်မယ်”၊
“ဟော့ရှော့” စသည့် ဇာတ်ကားများကိုတော့ အများစကားမှတစ်ဆင့် နားရည်ဝရုံသာ။
မိသားစုဘဝ
အပျော်အပါးများတွင်သာ မဟုတ်။ မိသားစုအချင်းချင်း
နေထိုင်မကောင်းဖြစ်လျှင်ပင် တစ်ဦးနှင့်တစ်ဦး ဂရုစိုက်ချိန် သိပ်မရှိပေ။
မိုးချုပ်အလုပ်မှ ပြန်လာလျှင် ရေခပ်၊ အ၀တ်လျှော်၊ ထမင်းဟင်းချက်စသည့်
အိမ်အလုပ်များကို အပြေးအလွှားလုပ်ကြ ရသည်။ ညထမင်းကို ၁၀ နာရီ ကျော်မှ
စားကြရ၏။ ပင်ပင်ပန်းပန်းနှင့် တစ်ဦးကိုတစ်ဦး စကား မဆိုနိုင်ကြတော့ပေ။
တစ်နေ့တာ နာရီပေါင်း ၂၄ နာရီတွင် မိသားစုဝင်များတွေ့ဆုံချိန်မှာ ၈
နာရီခန့်ပင်ရှိသည်။ ထို ၈ နာရီအနက် အိပ်ချိန် ခြောက်နာရီကိုနုတ်လျှင်
မိသားစုမြင်၊ တွေ့၊ စကားပြောချိန်က နှစ်နာရီသာ ကျန်တော့သည်။
“နေမကောင်းဖြစ်ပြီဆိုရင်
အလုပ်က ပြန်လာကတည်းက လမ်းထိပ်ကဆိုင်မှာ ဆေးဝယ်စပ်ခဲ့တာ။ အိမ်ရောက်၊
ထမင်းစားပြီး သောက်လိုက်တာပဲ” ဟု ကိုအောင်ပြည့်က ပြောသည်။
မျှော်လင့်ချက်များစွာဖြင့်
ရန်ကုန်သို့ အခြေချလာရောက် နေထိုင်ကြသော ဆင်းရဲသား
ဆင်ခြေဖုံးရပ်ကွက်များတွင် လူရွယ်၊ လူငယ်များက နေ့ခင်းဘက်
အလုပ်သွားကြသဖြင့် မိဘရှိသူများက မိဘများကို ဒီအတိုင်းထားခဲ့ရ၊
သားသမီးရှိသူများကလည်း အိမ်နီးချင်းများနှင့် အပ်သူကအပ်။
အကြီးကအငယ်ကိုထိန်း အစရှိသဖြင့် မျက်စိစုံမှိတ်၍ ထားခဲ့ရခြင်း ဖြစ်သည်။
“ဟိုတစ်လောက
ရပ်ကွက်ထဲမှာ မီးလောင်တုန်းကဆိုရင် အိမ်မှာ ကျွန်မအမေနဲ့ ကလေးပဲ ရှိတယ်။
ကိုယ်ကလည်း အိမ်ကို ပြန်မရောက်သေးတော့ အရမ်းစိတ်ပူသွားတယ်” ဟု
အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦးက ပြောသည်။
အကြီးမားဆုံးလိုအင်ဆန္ဒဖြစ်သည့်
ဘ၀လုံခြုံမှုအတွက် ကြိုးစားကြရင်း ကျောတစ်ခင်းစာ၊ ၀မ်းတစ်ထွာစာအတွက်
ရုန်းကန်ကြရင်း နွေးထွေးသော မိသားစုဘ၀များ ပျောက်ဆုံးကုန်သည်။
“လင်မယားနှစ်ယောက်
စကားများများပြောတဲ့အချိန်ဆိုလို့ ရန်ဖြစ်တဲ့ အချိန်လေးပဲရှိတယ်” ဟု
အိမ်ထောင်သက် ရှစ်နှစ်ရှိ ကိုအောင်ပြည့်က ရယ်သွမ်းသွေး၍ ပြောသည်။
ရေးသားသူ- ရဲနောင် - 7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)

No comments:
Post a Comment